ကော့သောင်းမြို့တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူအစားထိုးခြင်းဆိုင်ရာအစည်းအဝေး အခမ်းအနားကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက အခမ်းအနားအစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင်များအနားယူခြင်းဆိုင်ရာအစည်းအဝေးကို “နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ စတင်ကျင်းပခဲ့ပြီး အစည်းအဝေးသဘာပတိ ဆရာတော် တိုင်း/သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တနာရဒ (မော်တောင်ကျောင်းတိုက်၊ မြိတ်မြို့)က အစည်းအဝေးဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့သည်။ယင်းနောက် အခမ်းအနားမှူး ဆရာတော်က မြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်များ အနားယူရမည့်အရေအတွက်ကို ရှင်းလင်း လျှောက်ထား၍ အနားယူရမည့်ဆရာတော် စာရင်းကိုကြေညာခဲ့သည်။ ထို့နောက်အစည်းအဝေးသဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ ပထမပိုင်းအခမ်းအနားပြီးဆုံးခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ “နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍   အစည်းအဝေးသဘာပတိဆရာတော် တိုင်း/သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနာရဒ (မော်တောင်ကျောင်းတိုက်၊မြိတ်မြို့)က အစည်းအဝေးဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က သာသနာရေးဆိုင်ရာများ လျှောက် ထားတင်ပြခဲ့သည်။

ယင်းနောက် အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုကြေညာ၍ ပြန်လည်ရွေးချယ်နိုင်ရန် အတွက်  အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များနှင့် ယင်းအဆိုကို ထောက်ခံမည့် မြို့နယ်သံဃာဝန်ဆောင်ဆရာတော်တို့က အစားထိုးတင်မြောက်လိုသည့် ဆရာတော်များအားအဆိုပြု/ထောက်ခံတင်ပြခဲ့ကြသည်။ ယင်းနောက် သဘာပတိ ဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယကဆရာတော်ဘွဲ့အမည်စာရင်းကိုတင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်‌ပြုပေးခဲ့ပြီးသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအပိုဒ် (၃၅/၉၇)တို့ကို ရှင်းလင်းလျှောက်ထားခဲ့သည်။  ထို့နောက် အစည်းအဝေး သဘာပတိ ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့‌‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)