ဘားအံ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ နွေးစပါးမျိုးသန့်စိုက်ခင်းများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့မွန်းလွဲပိုင်းက ကွင်းအမှတ်(၁၄၁၈-ဃ)တောင်သူဦးကျောက်လုံး၏ နွေစပါး ၉ ဧကစိုက်ခင်း၌ ကျင်းပခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးမှဦးဆောင်၍ တောင်သူများအား အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ထီလုံ၊ သမ္ဘာန်၊ သပုထို၊ နောင်သငဲ့ ကျေးရွာ အုပ်စုများမှ နွေစပါးစိုက် တောင်သူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများမရှင်းလင်းသည်များနှင့်သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က လှိုင်းဘွဲမြို့နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှု၊ ရေဘုတ်ရေလှောင်တမံ ရေသောက်ဧရိယာအတွင်း မိုးစပါးနှင့်မိုးသီးနှံစိုက်ပျိုးထားရှိမှု၊ နွေးစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှု၊ ရာသီအလိုက် သီးနှံလျာထားမှုနှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ၊ သမ္ဘာန်၊ သပုထို၊ နောင်သငဲ့ ကျေးရွာအုပ်စုများမှ တောင်သူများနှင့်အတူ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်းကွင်း သရုပ်ပြခြင်း၊ Seeder နွေစပါးမျိုးစေ့ချကိရိယာ အသုံးပြု စိုက်ပျိုးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ် သုံးစွဲနည်းပညာပေးကွင်းသရုပ်ပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူသိရှိ လိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကွင်းသရုပ်ပြပွဲသို့တက်ရောက်လာသော နွေစပါးစိုက်တောင်သူများအား သဘာဝမြေဩဇာများနှင့် ယူရီးယားဓာတ်မြေဩဇာများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များအား မေးမြန်းဆွေးနွေး၍ တာဝန် ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)