ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းတဲကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ကွန်ကရစ်လမ်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မင်းတဲကုန်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်တို့က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းတဲကုန်းကျေးရွာ၌ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့ကောင်းမွန်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
အဆိုပါ မင်းတဲကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအရှည်ပေ ၇၅၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမှ နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၅) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၇ ဒသမ ၅ သန်း၊ စုစုပေါင်း ငွေကျပ် ၂၂ ဒသမ ၅ သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ၊ ကျေးရွာသားများကိုယ်တိုင် တာဝန်ယူပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် မင်းတဲကုန်းကျေးရွာအပါအဝင် ကျေးရွာ (၁၂) ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၅) ခုနှင့် မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း (၇) ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)