(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာနွယ် စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်လှစ်

အောင်လံ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်လံမြို့နယ်၊ မဟာဇင်ကျေးရွာ၊ မဟာနွယ်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ မဟာဇင်ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

အောင်လံမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေးအကျင့်ကောင်းရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ဖွင့်လှစ်သည့် မဟာနွယ်စာကြည့်တိုက် အဆောက်အအုံသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းကာ စာကြည့်တိုက်အတွင်းလှည့်လည် ကြည့်ရှုခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ စာကြည့်တိုက်များအတွက် ပရိဘောကအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့်သုတ၊ ရသစာအုပ်စာပေများ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချရေးနှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားတွင် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး မဟာနွယ်စာကြည့်တိုက်နှင့်ပတ်သက်သည့်အချက်အလက်များကို မြို့နယ်စာကြည့်တိုက်များ တည်ဆောက်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ  ဦးဇေယျာမြတ်သူက မဟာနွယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ စာကြည့်တိုက်အဆောက်အအုံသစ်ကို နိုင်ငံတော်နှင့်ပြည်သူများမှ စုစုပေါင်း ငွေကျပ် (၁၈၅)သိန်းဖြင့် ဖြည့်ဆည်းတည်ဆောက်ခံခြင်းဖြစ်ပြီး တိုင်းဒေသကြီအတွင်း စာကြည့်တိုက် အဆောက်အအုံသစ် ၂၁ တိုက်ကိုဖွင့်လှစ်ပေးမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စာကြည့်တိုက်ခြောက်တိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)