(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲ ကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁၁

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းမုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစက်ဘီးပြိုင်ပွဲကို စက်ဘီးအားကစားနည်းအား လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်လာစေရေး၊ ကရင်ပြည်နယ်ကိုယ်စားပြု မျိုးဆက်သစ်စက်ဘီးအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဒေသ၏တည်ငြိမ်အေးချမ်းမှုကို ပေါ်လွင်စေပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး  အမျိုးသမီးတောင်တက်စက်ဘီး (Mountain Bike) အလွတ်တန်းပြိုင်ပွဲတွင် ၂၀ ဦး၊ အမျိုးသားအသက်(၄၀)နှစ်အထက် တောင်တက်စက်ဘီး (Mountain Bike)တွင် ၃၄ ဦး၊ အသက်(၄၀)နှစ်အောက် တောင်တက်စက်ဘီး (Mountain Bike) ပြိုင်ပွဲတွင် ၄၈ ဦး၊ အလွတ်တန်း Road Bike ပြိုင်ပွဲ တွင် ၈၀ ဦး စုစုပေါင်း ပြိုင်ပွဲဝင် ၁၈၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်က သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ဘားအံမြို့ ပတ်ဝန်းကျင်ကျေးရွာများကို ဖြတ်သန်း၍ အမျိုးသားပြိုင်ပွဲအနေဖြင့် မိုင်အားဖြင့် ၂၇ ဒဿမ ၂ မိုင်ကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲအနေဖြင့်  ၁၆ ဒသမ ၅ မိုင်ကိုလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး စတင်တာလွှတ်ရာ သီရိကွင်းမုခ်ဦးရှေ့၌ ပြန်လည်ပန်းဝင်လာကြရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စက်ဘီးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် စက်ဘီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက အလွတ်တန်း Road Bike ပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းစက်ဘီးပြိုင်ပွဲ၊ အမျိုးသား အသက်(၄၀)နှစ်အထက် တောင်တက်စက်ဘီး (Mountain Bike) ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်လည်ဆွဲ ဆု၊ ငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီချုပ်က အမျိုးသားအသက်(၄၀)နှစ်အောက် တောင်တက်စက်ဘီး (Mountain Bike) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကာ ယနေ့ပြိုင်ပွဲတွင် ဂုဏ်ပြုဆုပေါင်း ၃၅ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အလားတူ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရိုးရာခြင်းလုံးလေးပေါက်တန်း အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရိုးရာခြင်းလုံးအားကစားလေ့ကျင့်ရေးခန်းမ၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်အားပေးခဲ့ကြသည်။

အဆိုပါ ရိုးရာခြင်းလုံးလေးပေါက်တန်းအမှတ်ခတ်ပြိုင်ပွဲကို ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ ခြင်းလုံးအသင်း ငါးသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်ရိုးရာခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ပြည်နယ်ဦးစီးမှူးဦးမျိုးသူရ၊ အတွင်းရေးမှူးဦးစိုးတို့က ခြင်းလုံးခတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများ၊ နှစ်သိမ့်ဆုရ အသင်းများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တင်းနစ်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ကြသည်။

အဆိုပါ ဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲတွင် ဘားအံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်၊ မြဝတီမြို့နယ်များမှ တင်းနစ်အားကစားသမား ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး အမျိုးသား/ အမျိုး သမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တင်းနစ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်အကောက်ခွန် ဦးစီးမှူး ဦးစိုးညွန့်အောင်တို့က နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)