ဖြူး ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း အသိပညာပေး၍ ကျောင်းသားလူငယ်များမှ စတင်ကာ စာဖတ်လိုစိတ်ရှိရန် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.လ.က(ခွဲ)တပ်တွင်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား အသိပညာပေးဟောပြောသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ ပြသပေးခြင်း၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်းများနှင့် KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအား ပုံပြင်ပြောအစီအစဥ်များ ဆောင်ရွက်ပေးခြင်း၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)