ဘုတ်ပြင်းမြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနားယူ အစားထိုးခြင်းဆိုင်ရာ အစည်းအဝေး အခမ်းအနား ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဘုတ်ပြင်းမြို့နယ်သံဃာ့နာယကအဖွဲ့ အဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အခမ်းအနား အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ်သံဃာ့နာယကအဖွဲ့၊ အဖွဲ့ဝင်များ အနားယူခြင်းဆိုင်ရာ အစည်းအဝေးကို "နမောတဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ စတင်ကျင်းပခဲ့ပြီး  အစည်းအဝေး သဘာပတိဆရာတော် တိုင်း/သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနာရဒ (မော်တောင်ကျောင်းတိုက်၊မြိတ်မြို့)က အစည်းအဝေး ဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့သည်။ ယင်းနောက် အခမ်းအနားမှူး ဆရာတော်က မြို့နယ်သံဃာ့နာယကအဖွဲ့၊ အဖွဲ့ဝင်များ အနားယူရမည့်အရေအတွက်ကို ရှင်းလင်းလျှောက်ထား၍ အနားယူရမည့် ဆရာတော်စာရင်းကို ကြေညာခဲ့သည်။ ထို့နောက် အစည်းအဝေး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆို၍ ပထမပိုင်းအခမ်းအနား ပြီးဆုံးခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ နမောတဿ"(၃) ကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ အစည်းအဝေး သဘာပတိဆရာတော် တိုင်း/သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနာရဒ (မော်တောင်ကျောင်းတိုက်၊မြိတ်မြို့)က အစည်းအဝေးဖွင့် ဩဝါဒကထာ မြွက်ကြားခဲ့သည်။ ယင်းနောက် အခမ်းအနားမှူး ဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာ၍ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များနှင့် ယင်းအဆိုကိုထောက်ခံမည့် မြို့နယ်သံဃာဝန်ဆောင်ဆရာတော်တို့က အစားထိုးတင်မြောက်လိုသည့် ဆရာတော်များအား အဆိုပြု/ထောက်ခံတင်ပြခဲ့ကြသည်။ ယင်းနောက် သဘာပတိဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယကဆရာတော်ဘွဲ့အမည်စာရင်းကို တင်သွင်းပြီး သာဓု သုံးကြိမ်ခေါ်ဆို၍ အတည်‌ပြုပေးခဲ့ပြီး သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အပိုဒ် (၃၅/၉၇)တို့ကို ရှင်းလင်းလျှောက်ထားခဲ့သည်။  ထို့နောက် အစည်းအဝေး သဘာပတိ ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့‌‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)