ကော့သောင်း ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင် ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပြည်စိုးကျေးရွာရှိ အ.လ.က(ခွဲ) (၇)မိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းနှင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များ အကြောင်းကို သိရှိစေရန်၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် ဇာတိသွေးဇာတိမာန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး စသည့်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)