နတ်မောက် ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအလယ်တန်း (တမာပင်)မှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-9 ကျောင်းသူ မနွေးနွေးလှိုင်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-9 ကျောင်းသား မောင်စိုင်းဝင်းလှိုင်က လူငယ်နှင့်ကြီးပွားရေး၊ Grade-9 ကျောင်းသူ မပန်းရနံ့ချယ်က လူငယ်နှင့်ကျန်းမာရေး၊ Grade-9 ကျောင်းသား မောင်ထက်ဘုန်းပြည့်က လူငယ်နှင့်ပညာရေး၊ Grade-9 ကျောင်းသူ မပြည့်ဖြိုးခိုင်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
လှဝင်း