ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယာဥ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၁

ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးဆောင်၍ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီအသင်းအမှုဆောင် ဦးဟန်အောင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လမ်းဖြတ်ကူးရာတွင် သတိထားဆောင်ရွက်ရမည့်အချက်များ၊ လူကူးမျဥ်းကျားကို သေချာစွာကြည့်ရှုတတ်စေရန်နှင့် မီးပွိုင့်အမှတ်သားအရောင်များဖြစ်သည့် ဝါ၊ စိမ်း၊ နီတို့၏ အဓိပ္ပာယ်နှင့် မည်သို့ကြည့်ရှုရမည်ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ယာဥ်အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ လမ်းအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့ကို လက်တွေ့သရုပ်ဖော်ပြသခဲ့သည်။

အဆိုပါ အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)