ချောက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

ချောက် ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အ​ကြို ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်‌နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community   Centre)  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြည်ထောင်စုနေ့ဖြစ်ပေါ်ပုံနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စကားပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပရာ ကဗျာရွတ်ဆို ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူ (၃၀) ဦး၊ စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၅) ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၅) ဦး အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ခဲ့သော ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က ဆုငွေများပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)