မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွမ်းခြံချောင်းခေတ် မီစံပြကျေးရွာတွင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၁

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ၌ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရန်ပုံငွေ၊ ပြည်သူထည့်၀င်ငွေတို့ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာ မုခ်ဦးရှေ့၌ ကျင်းပပြုသည်။

ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက   အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင်(၃)  ဦးစောဝဏ္ဏတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုတ်ကူးကြပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာတွင် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၈၃၀ ပေ အကျယ်ပေ ၆ပေ ထုထည် ၆ လက်မဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၃)သန်း၊ စုစုပေါင်း ကျပ်သန်း (၁၈)သန်းဖြင့် ဌာနမှနည်းပညာများပံ့ပိုး၍ ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ ကျေးရွာပြည်သူများမှ အဆိုပါကွန်ကရစ်လမ်းအား ရာသီမရွေး အသုံးပြုနိုင်သည့်အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအား အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)