အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဇလွန် ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုက အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက သက်ငယ်မုဒိမ်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်၊၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)