ဖျာပုံ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ.လ.က (ရှမ်းကွင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်ရာတွင်အ-လ-က (ရှမ်းကွင်း) ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးသင်းက အမှာစကားပြောကြားပြီး၊ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက်"လူငယ်စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမြို့နယ် အားကစားမှူး ဒေါ်နွယ်နွယ်လှိုင် တို့နှင့်အတူ Grade (9) မှ မောင်ပြည့်ဖြိုးနိုင်က "လူငယ်နှင့်အားကစား"၊ Grade(8)မှမလဲ့ရတီ " က မျိုးချစ်စိတ်ဓာတ်နှင့် ယနေ့လူငယ်"၊ Grade (9) မှမောင်ခန့်ညားက" မျိုးရိုးဂုဏ်ကို ထိန်းသိမ်းရေး" ၊ Grade (9)မှ မသံစဥ်ချိုဆွေက" လူငယ်နှင့်စာပေ" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာ နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ၊ အ.လ.က (ရှမ်းကွင်း) ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၈၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)