ပန်းတောင်း ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.လ.က (ဥသျှစ်ပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအချင်းချင်း တိုင်ပင်ညှိနှိုင်းဆွေးနွေးတတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ အတွေးအမြင်များကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသော ဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က (ပန်းတောင်း) ကျောင်းမှ မောင်အာကာဟိန်း Grade-9 က “လူ့တန်ဖိုး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်အောင်မြင့်မြတ် Grade-9 က “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မခင်ဆုပြည့်ဇော် Grade-9 က “လူငယ်နှင့်တက်လမ်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဆုရတီပိုင် Grade-8 က “လူငယ်နှင့်စိုးရိမ်စိတ်” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၁၄၂)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)