ကန့်ဘလူ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၁ ရက် (ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲ ၂ နာရီက အဆိုပါ စေတီတော်လိုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မြို့နယ်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နတ်ပေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသထံတော်မှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ၏ မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသိန်းဝင်နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းကိုစတင်၍ အလှည့်ကျဆရာတော်များက ငါးရက်တိုင်တိုင် ဆက်လက်ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)