ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကလေးသုံးမွှာပူး အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့

ကန့်ဘလူ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ ကလေးမွေးဖွားဆောင်တွင် ဖေဖော်ဝါရီ ၆ ရက် (ကြာသပတေးနေ့) ည ၈ နာရီခန်က သုံးမွှာပူး ကလေးငယ်များကို အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးထံမှ သိရသည်။

ထိုသို့မွေးဖွားပေးခဲ့ရာတွင် ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာမှ ဒေါ်ချောစုမွန် ၂၄ နှစ်အား သားဖွားမီးယပ်အထူးကု ဒေါက်တာခင်သီတာကျော်ရင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ရာ ကိုယ်လက်အင်္ဂါအစုံအလင်ဖြင့် ယောကျ်ားလေးသုံးမွှာပူးဖြစ်ပြီး မိခင်ဒေါ်ချောစုမွန်နှင့် ကလေးများမှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။ ယခင်က ယင်းဆေးရုံတွင် ယခုလို သုံးမွှာပူးကလေး ခွဲစိတ်မွေးဖွားခြင်းမျိုးမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)