ကသာ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက် စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၀) ရက် နံနက်ပိုင်းက အခြေခံပညာကျောင်း (၆) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကျွေးမွေးရာတွင် အာဟာရမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကိုချက် ပြုတ်ပြင်ဆင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကွမ်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့်တာဝန်ရှိသူများက KG ကျောင်းသား/သူကလေးများအား နေ့လည်စာကျွေးမွေးခဲ့ကြသည်။
ကျောင်းသား/သူများအားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များနှင့်ညီညွတ်စေရန်အတွက် လက်များကိုဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောစေခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၈) ကျောင်းတွင် KG ကျောင်းသား/သူစုစုပေါင်း (၆၂၇) ဦးကို ဇန်နဝါရီလတွင် (၃) ကြိမ်ကျွေးမွေးခဲ့ပြီး ယခုဖေဖော်ဝါရီလတွင် (ဒုတိယအကြိမ်) အဖြစ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံ ပညာမူလတန်းလွန်ကျောင်း၊ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာကျောင်းပေါင်း (၆) ကျောင်းတို့တွင် KG ကျောင်းသား/သူစုစုပေါင်း (၂၄၉) ဦးကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း (ကသာ)