ကျွန်းလှ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ကျွန်တော် နှစ်စဉ် လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ် ကုလားပဲ စိုက်ပျိုးပါတယ်။ အရင်နှစ်က တစ်ဧက ၂၂ တင်းကျော်ထွက်ရှိပြီး ဈေးကောင်းရရှိခဲ့ပါတယ်။ ဒီနှစ် ကုလားပဲ ၃ ဧက စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေပါတယ်။ စိုက်ပျိုးရာမှာ မြို့နယ်စိုက်ပျိုးရေးပညာရှင်များက စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ စိုက်ခင်းအထိလာရောက် အသိပညာပေးပါတယ်” ဟု မန်ကျည်းအင်းကျေးရွာနေ ကုလားပဲစိုက်ပျိုးသူ ဦးစောလေးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ်၊ ဆောင်းရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအဖြစ် မတ်ပဲ ၁၁၇၂၇ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၄၁ ဧက၊ စားတော်ပဲ ၇၃၃၇ ဧက၊ စွန်တာပြာ ၂၁၃၂ ဧက၊ ပဲရာဇာ ၄၅၁ ဧက စုစုပေါင်း ၂၁၉၀၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)