မုံရွာ ဖေဖော်ဝါရီ ၁၁
မုံရွာတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မုံရွာတက္ကသိုလ် အနုပညာအသင်း ကျောင်းသူများက ရတနာပုံသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မုံရွာတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါက်တာစန္ဒာစိုးက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သိကောင်းစရာများအားလည်းကောင်း၊ မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါက်တာသီတာထွန်းက (၇၈)နှစ်မြှောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီးနောက် မုံရွာတက္ကသိုလ် အနုပညာအသင်းက စည်းလုံးချင်းအတွက် သီချင်းနှင့် ချစ်ခြင်းတရားနှင့် ပြည်ထောင်စုသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်ပြီး (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပရာ စာစီစာကုံး၊ ကဗျာ(ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု)ရရှိသော ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းကလည်းကောင်း၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု) ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းအေးကလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲတွင်ဟောပြောပေးပါသော ပါမောက္ခ(ဌာနမှူး) ဆရာမကြီးများအား ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက်လာသူများနှင့်အတူ မုံရွာတက္ကသိုလ် အနုပညာအသင်းက ထာဝရမြန်မာသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)