ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်

ရွှေတောင် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက  (ကသစ်တိုင်း) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် (ကသစ်တိုင်း)အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ရည်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး " မိအေးချက်သည့် ဟင်းတစ်ခွက် " စက္ကူပြဇာတ်ပုံပြင်စာအုပ်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့် ကစားသုံးသူနှင့်ပတ်သက်သော ကုန်စည်အမှတ်အသား(၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေး သိကောင်းစရာများအကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း ရှင်းလင်းဆွေးနွေးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)