ကျုံပျော်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကျုံပျော် ဖေဖော်ဝါရီ ၁၀

ရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှု လျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ကျုံပျော်မြို့ တေဇရပ်ကွက်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှိ ဦးဆောင်ကြီးကြပ်မှုဖြင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုကြရန်၊ နေအိမ်အတွင်းအပြင် အမှိုက်များ ရှင်းလင်းထားရန်၊ မီးလောင်လွယ်သော စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်း မပြုကြရန်၊ မီးကြွင်း၊ မီးကျန်များ စနစ်တကျ ငြိမ်းသတ်ကြရန်၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာကြိုးများအား အသစ်လဲလှယ်အသုံးပြကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော ရေလှောင်ကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကပ်နှင့် မီးသတ်ဆေးဗူးအား သတ်မှတ်စံနှုန်းနှင့်အညီ ထားရှိရန်တို့ကို ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လိုက်လံအသိပေး ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့်လှည့်လည်၍ အပတ်စဉ် လှုံ့ဆော်ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)