ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဥ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနများဆောင်ရွက်ပြီးစီးမှုနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို အချိန်မီ ပြန်လည်တင်ပြသွားကြရန်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား ပြည်သူများ ပါဝင်နိုင်ရေးပျော်ပွဲ၊ ရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်ပနိုင်ရေး သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်လွင်အောင်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား လုံခြုံအေးချမ်းစေရေး ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာအသီးသီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ပြည်သူများတင်ပြလာသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အပတ်စဥ်ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း