ဒေးဒရဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်နည်းဥပဒေများဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီက  ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးရှိ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုဦးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစတင်ကျင့်သုံးကတည်းက ပြဌာန်းထားပြီးဖြစ်ပြီး မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများ အားလုံးအကျုံးဝင်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလလုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှု မလိုကြောင်းတို့ကို ပြည်သူများအား ပြည်သူ့​​စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲမှူး သိန်းလှိုင်တို့က ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်ရရှိသူများ၊ ရွှေ့ဆိုင်းခွင့်များနှင့် နည်းဥပဒေများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်

အေဇာလင်း