ရှေးဟောင်းသမိုင်းဝင်မဟာနန္ဒာကန်အတွင်း သဲနုံးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ရေဂါလံ(၁၀)သန်းခန့် ထပ်မံသိုလှောင်

ရွှေဘို ဖေဖော်ဝါရီလ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပြည်သူများသောက်သုံးရေ ပိုမိုပေး‌ဝေနိုင်ရန်နှင့် နွေစပါး အောင်ရေပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ မဟာနန္ဒာကန်တော် သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို ၁၆-၁၂-၂၀၂၄ ရက်မှစတင်၍ ဆည်မြောင်းထိန်းသိမ်းရေးဦးစီးဌာန(ရွှေဘိုမြို့)က အကောင်းအထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မဟာနန္ဒာကန်တော်ကို (၁၇၅၃)ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး ကန်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၉ခုနှစ်တွင် (၁)ကြိမ် ပြုပြင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဂါလန် သိန်း ၂၉၀၀ သိုလှောင်နိုင်ပြီး ရေစီးဝင်မှုအနေဖြင့် သဖန်းဆိပ်ဆည်မှရေကို ကင်းတပ်ရေထိန်းတမံမှတစ်ဆင့် လက်ဝဲတူးမြောင်းသို့ စီးဆင်းပြီး မဟာနန္ဒာကန်အတွင်းသို့ စီးဝင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မဟာနန္ဒာကန်သည် မြို့တွင်းသောက်သုံးရေပေးဝေခြင်း လုပ်ငန်းများအပါအဝင် စိုက်ပျိုးရေး လုပ်ငန်းများအတွက် ရေပေးဝေခြင်းလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး မြို့‌သောက်သုံးရေ ပေးဝေမှုအနေဖြင့် နေ့စဉ်ရေဂါလန်(၂၂)သိန်းခန့် ပေးဝေဆောင်ရွက်လျက်ရှိသဖြင့် တစ်မြို့လုံး အဓိကအားထားရသည့် ကန်တစ်ကန်လည်းဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် မဟာနန္ဒာကန်သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေများ ပိုမိုသိုလှောင်ထားရှိနိုင်ရေးတို့အတွက် သဲနုံးတူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် (၁၆၂၇၆) ကျင်းတူးဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ ရေဂါလန် ၁၀ သန်းခန့်  ထမ်မံသိုလှောင်နိုင်ကာ သောက်သုံးရေများ၊ စိုက်ပျိုးရေများအား လုံလောက်စွာ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)