ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်းအနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ပညာဇောတာရုံစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

‌ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ဩဝါဒကထာမြွက်ကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး အခမ်းအနားမှူးဆရာ‌တော်က အနားယူခြင်းဆိုင်ရာလုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို‌ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်များက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့်ရွေးချယ်ခြင်းများကို သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ရွတ်ဆို၍ အတည်ပြုခြင်းဆောင်ရွက်ခဲ့ခြင်းနှင့် နိဂုံးချုပ်ဩဝါဒစကားမြွက်ကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

‌သန်းထွန်းအောင်(ပြန်/ဆက်)