ဖျာပုံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ဖျာပုံ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ​ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အ.လ.က(ရှမ်းကွင်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောရာတွင် အ.လ.က(ရှမ်းကွင်း)ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်​ဖြင့် ဆွေးနွေးရာတွင် ယနေ့လူငယ်များသည် အနာဂတ်၏မျိုးဆက်သစ်လူငယ်များဖြစ်သည့် အတွက် ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်သည့် လူငယ်များပေါ်ထွန်းလာရေးအတွက် ပညာကို ကြိုး​စားသင်ယူကြရန်နှင့် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေလိုကြောင်း အသိပညာပေး ဟောပြောပြီး ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်လှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာလိုက်စားခြင်းအပြင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေဖို့ အားကစားကို လိုက်စားဖို့လိုကြောင်းနှင့် အားကာသိပ္ပံ ကျောင်းနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာလွင်နှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ ဖြန့်ဝေပေးကြပြီး၊ အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်