ဖောင်းပြင်မြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြန်ဆန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ဖောင်းပြင် ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း၍ မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို အင်ကြင်းမြိုင်ရပ်ကွက်၊ အောင်ဆန်းလမ်း၊ လမ်းအမှတ်-၃ ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်းသိရသည်။

ထိုသို့လေ့ကျင့်ရာ မီးငြှိမ်းသတ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပြင်ဆင်တပ်ဆင် အသုံးပြုခြင်းနှင့် မီးငြှိမ်းသတ်ခြင်းတို့တွင် စွမ်းဆောင်ရည်မြင့်မားစေရေး လေ့ကျင့်ခြင်းကိုလည်းကောင်း၊ ရေစုပ်စက်မှရေပို့ယာဉ်သို့ ရေပို့ဆောင်မှုအခြေအနေကိုလည်းကောင်း၊ ရေပန်းပိုက်အား အသုံးပြုရာတွင်ပေအပိုင်းအခြားအလိုက် ရေထွက်နှုန်းနှင့် ရေရောက်ရှိမှုအကွာအဝေးကိုလည်းကောင်း စမ်းသပ်လေ့ကျင့်ကြပြီး အဆိုပါရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်ကာ လေ့ကျင့်ကြသည်။

ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက အသုံးပြုနိုင်သည့် မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ လူအင်အား ၃၂ ဦးရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ကျော်ရှိကာ ပြည်သူလူထုတို့တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)