ပခုက္ကူမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပခုက္ကူ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ် ချက်များအကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း (ပခုက္ကူ) က “စာအုပ်စာပေ ချစ်မြတ်နိုးတတ်စေချင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာသုခဆွေ (ပညာရေး) က “ပန်းကလေးများပွင့်လန်းစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နေဦးမောင်က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား) က “ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ထာဝစဉ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောကြသည်။

ထို့နောက် ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သူသူကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာ မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာပေများ ပေးအပ်လှူဒါန်းခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)