အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု-၉စုမှ အိမ်ထောင်စု(၂၇၂)စုအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများပေးအပ်

အင်္ဂပူ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးကယ်ဆယ်ရေး အိမ်ထောင်စုသုံးပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းအောင်မှ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကိုလည်ကောင်း မြို့ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးစိုးအောင်မှ ကယ်ဆည်ရေးပစ္စည်းများ ပေးအပ်နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အိမ်ထောင်စုသုံး ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးစိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်္ဂပူမြို့နယ်တွင် ၂၀၂၄ခုနှစ် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်‌ခဲ့သော ကျေးရွာအုပ်စု (၉)စုမှ အိမ်ထောင်စု (၂၇၂) အတွက် အိမ်ထောင်စုသုံး ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် တာပေါ်လင်၊ စောင်၊ ပစ္စည်း(၁၁)မျိုးပါ အရေးပေါ်သုံးပုံး၊ (Digility kit၊ individual Hygiene kit) များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)