ပွင့်ဖြူ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၈) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ကြွယ်ဝပြီး ကာယယဉာဏဖွံ့ဖြိုးစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးဟောပြောပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး ပညာရေး (ငြိမ်း) က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများကို (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုခဲ့ကြသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူ နှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသားကျောင်းသူ ၁၂၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )