ရေနံချောင်း ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများစိုက်ပျိုးလျက်ရှိရာ ယမန်နေ့အထိ စုစုပေါင်း ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယာမြေများနှင့် ကိုင်းမြေများ၌ မိုးနှင့် ဆောင်းစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာသီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကြက်သွန်နှင့် အခြားသီးနှံများကိုလည်း တွဲဖက်စိုက်ပျိုးကြသည်။
ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေး တောင်သူများ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး စသည့်လုပ်ငန်းများကို ရေနံချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ ၁၆၈၅ ဧက၊ နှမ်း ၂၆၂ ဧက၊ နေကြာ ၃၁၂၈ ဧက၊ ပန်းနှမ်း ၃ ဧက၊ စုစုပေါင်း ဧက ၅၀၀၀ ကျော်အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မြို့နယ်(ပြန်/ဆက်)