မြို့သစ်မြို့နယ်၊ အ.လ.က(ကိုရံ-တ)တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မြို့သစ် ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲပိုင်းက နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် ပလတ်စတစ်၏ ဆိုးကျိုးများအကြောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင် ဆရာဦးမြင့်ကြည်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊  ဆရာဦးတင်မောင်ဝင်းက မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)