ဓနုဖြူ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ဖေဖော်ဝါရီလ (၁၀) ရက်နေ့နံနက်ပိုင်းက သပြုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သပြုကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင်က မီးဘေးလုံခြုံရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားစေနိုင်သောအချက်များ၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး ဟောပြောကာ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် ဆီမီးလောင်မှုအား လက်တွေ့ငြှိမ်းသတ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)