နတ်မောက် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အင်းကုန်း(တ)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက သစ်တောထိန်းသိမ်းရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုသည့် နည်းစနစ်များ၊ မီးခိုမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမော်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များ၊ လှေကား၊ မီးကျင်းများ အိမ်တိုင်းဆောင်ရွက်စေရန် အသိပညာပေးဟောပြောခြင်းဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၏ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခြင်းဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ရေသယံဇာတထိန်းသိမ်းရေးဖြစ်သည့် စိုက်ပျိုးရေးအတွက် ရေကို အဓိကထိန်းသိမ်းကြစေရန် စသည့် အကြောင်းအရာများကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း