ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ငဖဲ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။   

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသိကောင်းစရာများကို အသိပညာပေးဆွေးနွေးပြောကြားပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့် ဝန်ထမ်းများက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား(ဆောင်းပါး)၊ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ စည်းလုံးညီညွတ်စွာဖြင့်ကြိုးပမ်းဖော်ဆောင် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ ဘိုမျိုး(ရွှေဘို)ရေးသားသည့် ပြည်ထောင်စုကိုကာကွယ်စို့(ကဗျာ)၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ပြည်ထောင်စုနေ့ဆောင်ပုဒ်များ၊ ဓာတ်ပုံနှင့် သရုပ်ဖော်ရုပ်ပြများပါဝင်ကြောင်း သိရသည်။

မယု(ငဖဲ)