ပွင့်ဖြူ ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ (Grade-9)နှင့် အောက်အတန်းတင်(နှစ်ဆုံး)စာမေးပွဲ ဖြေဆိုကျင်းပမည့် အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ မကြာမီကာလတွင် စာမေးပွဲများ ဖြေဆိုကျင်းပတော့မည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာကျောင်းများကို မီးဘေးအန္တရာယ်ကင်းဝေးစေရန် စာသင်ကျောင်းဆောင်များ၊ စာဖြေခန်းများနှင့် ကျောင်းပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုနှင့် ပတ်သက်၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကာကွယ်ရေးသုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှုနှင့် ပြင်ပမှ မီးကူးစက်ပြန့်ပွားမှု မရှိစေရေး သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအတွက် ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး