ကျွန်းစုမြို့တွင် စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယပွဲအကြို ထမနဲထိုးပြိုင်ပွဲ စည်ကားစွာ ကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် တည်ထားပူဇော်သော ငြိမ်းအေးချမ်းသာရန်ပြေမာန်အောင်စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲအကြို ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက မြို့‌ပေါ်အမှတ် ၃ ရပ်ကွက်ရှိ အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက်၌ စည်ကားစွာ ကျင်းပခဲ့သည်။

ထမနဲထိုးပြိုင်ပွဲတွင် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ ရတနာတက္ကစီ၊ မရမ်းချောင်းနှင့် တီးပူအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ထိုးခဲ့ကြရာ ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များတီး၍ ကခုန်အားပေးကြည့်ရှုခဲ့ကြသည်။

ထိုနောက် အမှတ်ပေးဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများဖြစ်သော ကြိုတင်ပြင်ဆင်မှု၊ စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ နည်းစနစ်မှန်ကန်မှုနှင့် သန့်ရှင်းသပ်ရပ်မှုတို့ကို စီစစ်အမှတ်ပေးခဲ့ကြရာ ပထမဆု ၂ သိန်းကျပ်၊ ဒုတိယဆု ၁ သိန်းခွဲကျပ်၊ တတိယဆု ၁ သိန်းကျပ်တို့ကို အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဦးဉာဏိန္ဒက ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းကျင်းပခြင်းဖြစ်ပြီး ၁ အိုးလျှင် ငွေ ၇ သောင်းကျပ်ဖြင့် ၂၄ အိုး ထိုးခဲ့ကာ ၎င်းထမနဲများအား ဆရာတော်နှင့် သံဃာတော်များအား ဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်များအား ထမနဲ စတုဒိသာ ကျွေးမွေးလှူဒါန်းမည်ဖြစ်သည်။

မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ကာ ၃ ရက်တိုင်တိုင် အဆိုပါကျောင်းတိုက်၌ ရွတ်ဖတ်ပူဇော်လျက်ရှိရာ ယနေ့တွင် ထမနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဗုဒ္ဓါဘိသေကဘုရားနေကဇာတင်မင်္ဂလာနှင့် သံဃာတော်အရှင်သူမြတ်တို့အား စာရေးတံမဲ စသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှအတန်းပေးဝေကာ နေ့လယ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)