စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၈

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားကာ စစ်ကိုင်းပညာရေးဒီဂရီကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်က (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ပြောကြားရာ နိုင်ငံတော်၏ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စာတွေ့လက်တွေ့ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် အသုံးချတတ်စေရန်၊ အားလပ်အချိန်ကို အကျိုးရှိသောနည်းလမ်းများဖြင့် အသုံးချတတ်သည့် စိတ်ဓာတ်ကောင်းများနှင့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်၊ ထူးချွန်သည့် အားကစားသမားများ ပေါ်ထွန်းလာရေးနှင့် ဘက်စုံထူးချွန်သော ဆရာ၊ ဆရာမလောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်၊ အားကစားကျွမ်းကျင်သော အခြေခံ ဆရာ၊ ဆရာမများဖြစ်လာပြီး ကျောင်းသားလူငယ်များကို အားကစားပညာရပ်များ လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်ချက်ကောင်းများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိပါကြောင်းပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံပေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပြီး အားကစားပြိုင်ပွဲများကို စစ်ကိုင်းမြို့ နှစ်(၇၀၀)ကွင်းအတွင်း ဆက်လက်ကျင်းပပေးလျက်ရှိရာ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်