ကျိုက်လတ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံ အဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ‌စေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းတွင် သင်ကြားပေးခဲ့သည့် ပညာရပ်များကို မိသားစုဝင်ငွေတိုးပွားရေးအတွက် အသုံးချ‌ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသူ ၂၀ ဦးဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်