ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ညောင်လေးပင် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.မ.က(မူလွန်)ချောင်းရင်းစံပြကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က(မူလွန်) ချောင်းရင်းစံပြကျေးရွာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇေယျာဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့်အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့်ပတ်သက်၍ လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့်ပုံပြင်ပြောခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)