ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်

ဝေါ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး/ အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဝေါမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါ ကုသဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ အရေပြားစသည့် ဘာသာရပ်(၇)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆေးကုသခြင်းလုပ်ငန်းများကို ကျန်းမာ ရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထု အတွင်း ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၅၀၀)ဆံ့မှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်တို့မှ လိုက်လံကြည့်ရှအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်အတွင်း ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ပေးရာတွင် လူနာဦးရေ (၃၀၀) ဦးရှိပြီး ဘာသာရပ်အလိုက် အထွေထွေလူနာ (၁၀၁)ဦး၊ ခွဲစိတ်ကုပညာ (၄၂) ဦး၊ကလေးဆေးပညာ (၁၁)ဦး၊ သားဖွား/မီးယပ် (၂၃)ဦး၊ အရိုး (၉၆)ဦး၊ မျက်စိလူနာ (၁၁၀)ဦး၊ အရေပြားလူနာ (၂၈)ဦးနှင့် သွားရောဂါလာရောက်ပြသသူ (၁၆)ဦး၊ စုစုပေါင်းအထူးကုဘာသာရပ်အလိုက် လူနာ (၄၂၇)ဦးအား ကြည့်ရှုကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဝေါမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)