ကော့သောင်းမြို့၌ KG ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ကော့သောင်း ဖေဖော်ဝါရီ ၈

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့အဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော ထမင်း၊ ကြက်သားပဲဟင်းချို၊ ကြက်ဥပြုတ်၊ငှက်ပျောသီး၊ နွားနို့နှင့်အာဟာရဖြည့်မုန့်များဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာချက်ပြုတ်ကျွေးမွေးခဲ့ကြပြီး ထိုသို့ အာဟာရများ ချက်ပြုတ်၊ ကျွေးမွေးနေမှုကို ခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ဒေါက်တာလင်းထိုက်နှင့် ပညာရေးဌာနဆရာ/မ များက အားပေးကြည့်ရှုခဲ့ကြသည်။ 

ကျောင်းနေအရွယ်ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေး ဌာနအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့်ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)