(၇၈)နှစ်မြောက် ပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုကုန်စိမ်းပွဲရုံဈေးဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၈

(၇၈)နှစ်မြောက် ပြည်ထောင်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ ပြည်ထောင်စုကုန်စိမ်းပွဲရုံစေျးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါ ကုန်စိမ်းပွဲရုံဈေးသစ်ကြီးရှိ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်ထောင်စုကုန်စိမ်းပွဲရုံ ဈေးတည်ဆောက်ခြင်းဖြင့် မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်၍ ကုန်စိမ်းစျေးသည်များ စနစ်တကျရောင်းဝယ်ဖောက်ကားနိုင်ခြင်း၊ မြို့နေပြည်သူများအနေဖြင့် ရာသီပေါ်သီးနှံများအား တစ်စုတစ်စည်းထဲဝယ်ယူရရှိနိုင်ခြင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ အဓိကလိုအပ်ချက်များအား ဘက်စုံထောင့်စုံမှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအပြင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်း အဓိကတာဝန်တစ်ရပ်အဖြစ်ခံယူကာ ယခုလို နိုင်လွန်ကတ္တရာ လမ်းသစ်များ ဆောင်ရွက်ပေးလျက်ရှိရာ မုံရွာမြို့အတွင်း နိုင်လွန်ကတ္တရာလမ်းပေါင်း (၆၈ မိုင် ၇.၈၉ ဖာလုံ)အား ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အဓိကကျသည့် မြို့တွင်းလမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းများ ဖြစ်မြောက်စေရေး  ဆက်လက်ဆောင်ရွက်ပေးသွားရန် စည်ပင်သာယာရေးအဖွဲ့များအား တာဝန်များပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကောင်းမွန်သည့် စေတနာများအား သိရှိနားလည်ပြီး မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးလုပ်ငန်းများအား မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြည်ထောင်စုကုန်စိမ်းပွဲရုံဈေးသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလွင့်တို့က ပြည်ထောင်စု ကုန်စိမ်းပွဲရုံဈေးသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါပြည်ထောင်စုကုန်စိမ်းပွဲရုံဈေးသစ်ကြီး မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဖွင့်ပွဲတွင်ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက ပန်းပွားအဖွဲ့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်ထောင်စု ကုန်စိမ်းပွဲရုံဈေးသစ်ကြီးအတွင်းရှိ ကုန်စိမ်းပွဲရုံ ၁၂ ရုံ၌ ဈေးဆိုင်ခန်းပေါင်း ၉၆ ခန်းတွင်  ကုန်စိမ်းဈေးဆိုင်ခန်းများ စနစ်တကျရောင်းချနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ ဈေးသစ်ကြီးအတွင်း အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် စွန့်ပစ်အမှိုက်များအား သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ရေး၊ ရေနှတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်မှာကြားကာ  လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ 

တိုင်းဒေသကြီး၊ပြန်/ဆက်။