အိမ်မဲ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပပြီး စာအုပ်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ကို မမေ့မလျော့သင့်ကြောင်းတို့ကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်ပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ အ-မ-က(လယ်ပေါ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ၊ အ-မ-က (လယ်ပေါ်)ကျောင်းအုပ်ဆရာကြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ သုတရသရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)