အောင်လံ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပါဝင်အားဖြည့်ခဲ့သော ပန်းပွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့တို့အား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်တာဝန်ရှိသူများက သင်တန်းကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖြန်းခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းဆောင်သစ်နှင့်စပ်လျဉ်းသည့် မှတ်တမ်းများလွှဲပြောင်းပေးအပ်ခဲ့ပြီး၊ သင်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ၊ တက်ရောက်လာသော ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)