မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိတောက်ပင်နယ်မြေ မီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ သရက်ခရိုင် သရက်မြို့နယ်  ပိတောက် ပင်နယ်မြေ မီးသတ်စခန်းသစ်ကို (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တက်ရောက်ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပိတောက်ပင်နယ်မြေ တည်ဆောက်ရေးကုမ္ပဏီက လွှဲပြောင်းပေးအပ်ရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက လက်ခံရယူခဲ့ပြီး၊ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော အဖွဲ့များကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကာ၊ ပိတောက်ပင် နယ်မြေမီးသတ်စခန်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်းနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် "မီးသတ်တပ်ဖွဲ့ဝင်များအနေနဲ့ မီးမလောင်စေချင်တဲ့စိတ်၊ လောင်တဲ့မီးကို အမြန်ဆုံးငြိမ်းစေချင်တဲ့ စိတ်ကို အရင်းခံပြီး မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းဖို့ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ် တားဆီးရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူတွေ ယုံကြည်အားကိုးအားထားပြုရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားကြဖို့နဲ့ ယခုဖွင့်လှစ်တဲ့ စခန်းသစ်ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ကြောင်း" ပြောကြားကာ၊ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ပိတောက်ပင်ကျေးရွာသည် သရက်မြို့မှ (၉) မိုင် ကွာဝေးပြီး သရက်-မင်းတုန်း ကားလမ်းမကြီးပေါ်တွင် တည်ရှိကာ၊ ပိတောက်ပင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာပေါင်း (၉) ရွာရှိ အိမ်ခြေ (၁၃၅၅)လုံး၊ အိမ်ထောင်စု (၁၃၅၈)စုနှင့် လူဦးရေ (၅၁၇၈) ဦးတို့အတွက် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူအကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ပိုမိုလွှမ်းခြုံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မီးသတ်စခန်းသစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၂၅၁.၀၉၀ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း  တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

မောင်ညီညာ