မင်းဘူး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေးအတွက် စိုက်ပျိုးခဲ့သော ဆောင်းနေကြာ သီးနှံစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်းအားဖြင့် နေကြာတင်း ၂၀ ကျော် ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆောင်းနေကြာသီးနှံကို မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချင်းချင်း မျိုးသန့်ပွား သုံးစွဲနိုင်စေရန် ရည်ရွယ်၍ တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ် စံပြကွက်များ ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆောင်းနေကြာသီးနှံ တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ် စံပြကွက်များ ဖြစ်သော မန်းကျိုးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၁၅/က)ရှိ ဧက ၁၀၀ စိုက်ခင်းတွင် ဦးပိုင်အမှတ် (၂၁၃)ရှိ တောင်သူ ဦးထွန်းလှအောင်၊ ဦးပိုင်အမှတ် (၂၁၄)ရှိ တောင်သူဒေါ်ရင်မြတို့၏ နေကြာသီးသန့် စိုက်ခင်း၊ ဦးပိုင်အမှတ် (၁၃၂/၂)ရှိ တောင်သူဒေါ်ဝင်း၏ နေကြာနှင့် ကုလားပဲ သီးညှပ် စိုက်ခင်းအပြင် ကျောက်တန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၀၄)ရှိ တောင်သူဦးအောင်ဆန်းဝင်း၏ နေကြာစိုက်ခင်း များရှိ သတ်မှတ်ဧရိယာများ၌ ဆင်းရွှေကြာ-၂ နှင့် ရေဆင်းစပ်မျိုး-၁ ဆောင်းနေကြာ စံကွတ်များ ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းအားဖြင့် တင်း ၂၀ ကျော် ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာသီးနှံကို မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ အပါအဝင် သီးသန့်၊ သီးထပ်၊ သီးညှပ်နှင့် တစ်ကွင်းတစ်စပ်တည်း အကွက်ကျယ် စိုက်ခင်းများအဖြစ် ဧကပေါင်း ၂၉၇၈၈ ဧကအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆောင်းနေကြာ သီးနှံစိုက်ခင်းများကို စတင်ရိတ်သိမ်းဆောင်ရွက်နေပြီး ထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)