ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံးချုပ်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားအားတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၇

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ရုံးချုပ်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့လမ်းနှင့် ဘောဂမဏ္ဍိုင်လမ်းထောင့်၊ မြကျွန်းသာအိမ်ရာဝန်းအတွင်း၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တော်တင်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီးနောက် မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီးပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန္နက်တော်တင် အထိမ်းအမှတ် ကံ့ကော်ပင်အား စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက်အခမ်းအနားဒုတိယပိုင်းကို ပတ္တမြားခန်းမတွင် ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့သည် ဧရာဝတီတိုင်းဒေသကြီး၏လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးလှသည့် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းများအားလုံး၏ဗဟိုဌာနအဖြစ် ရပ်တည် ဆောင်ရွက်နေသည့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ရုံးချုပ်အဆောက်အဦကြီး မကြာခင်ပေါ်ထွက်လာတော့မည်ဖြစ်၍ အလွန်မင်္ဂလာ ရှိသည့် နေ့တနေ့ဖြစ်ပါကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက်များ ဝင်ရောက်နိုင်ရန်၊ ARCCI ကဲ့သို့  အသင်းချုပ်များတွင် ပါဝင်ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ARCCI နှင့်အတူ ညီနောင်အသင်းများဖြင့်ပါ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်းများအားလုံး တစုတဝေးတည်း တနေရာတည်းမှာရှိနေပြီး အစိုးရဌာနများ၊ တက္ကသိုလ်များဖြင့်  ပိုမို၍ထိထိရောက်ရောက် အနီးကပ်ဆောင်ရွက်နိုင်မည်ဖြစ်၍ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအကျိုးဖြစ်စေမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုစကားကိုလည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(ARCCI) ဥက္ကဋ္ဌက  နှုတ်ခွန်းဆက် စကားများကိုလည်းကောင်းပြောကြားပြီးနောက် (ARCCI) တွဲဖက်အထွေထွေ အတွင်းရေးမှူးက (ARCCI)အသင်းချုပ်ရုံးတည်ဆောက်ခြင်းအကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် (ARCCI) အသင်းချုပ်ရုံးဆောက်လုပ်ရန် မြကျွန်းသာအိမ်ယာဝန်းအတွင်း ဘောဂမဏ္ဍိုင် လမ်းနှင့် ချမ်းမြေ့လမ်းထောင့်ရှိ ဧရိယာ(၀.၉၉၅)ဧကရှိသည့် မြေနေရာလှူဒါန်းသည့် Delta Industrial Group Company (DIG) မှ မန်နေဂျင်းဒါရိုက်တာအား (ARCCI) ဥက္ကဋ္ဌက ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်နယ်မြေမီးသတ်စခန်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် မီးသတ်စခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား  တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်း ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အသုတ်နယ်မြေမီးသတ်စခန်း အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါမီးသတ်စခန်းသည် ၂ဝ၂၄-၂ဝ၂၅ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့်ခဲ့ပြီး (၄၅’x၅၀'x၂၆') RC နှစ်ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)