မအူပင်ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာတွင် နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာရေတင်စနစ်ဆောင်ရွက်နေမှုအခြေအနေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးနေမျိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် အဆိုပါကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ မအူပင်မြို့နယ်အတွင်း ဆိုလာရေတင်စနစ်(၅)စုံဖြင့် တောင်သူ(၃၄)ဦး၏ အကျိုးပြု လယ်ဧက (၃၀၁)ဧကအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျုံစုတ်ကျေးရွာတွင် (၈)လက်မပန့်ဖြင့် ဆိုလာရေတင်စနစ်(၂)စုံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခြင်းအားဖြင့် တောင်သူများ အခက်အခဲဖြစ်ပေါ်နေသော ထွန်ယက်ရေနှင့် စိုက်ပျိုးရေအတွက် အဆင်ပြေလျက်ရှိပါကြောင်း၊ တောင်သူများ၏ မော်တာရေတင်စနစ်မှ ဆိုလာရေတင်စနစ်သို့ ပြောင်းလဲဆောင်ရွက်ပေးနိုင်သည့်အတွက် စက်သုံးဆီကုန်ကျစရိတ်များ သက်သာလာပြီး တောင်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ဆိုလာပန့်(၁၉၂)စုံဖြင့် စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ရာ တောင်သူ(၁၈၃၅)ဦး၏ လယ်ဧက(၁၄၂၀၈)ဧကကို အကျိုးပြုလျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အထွေထွေပိုလျှံ ရန်ပုံငွေ GRF ဖြင့် ဆိုလာပန့် (၁၀)စုံ ဆောင်ရွက်ရန် လျာထားပေးပြီး တောင်သူ(၆၆)ဦး၊ စိုက်ဧက (၇၂၅)ဧကအား အကျိုးပြုမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်မှ ဆီထွက်သီးနှံနှင့် နွေးစပါးစိုက်တောင်သူများအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စနစ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် (၁)ဧက (၁၀)တင်းနှုန်း အထွက်တိုးရရှိရေးအတွက် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် တောင်သူများအနေဖြင့် ဆိုလာရေတင်စနစ်အား အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထိန်းသိမ်းသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)